ကျွန်မချစ်သူ အခန်းကိုလာတဲ့ မိန်းမ



ကျွန်မနာမည် ဝင်ဒီလို့ခေါ်ပါတယ်။ ကျွန်မချစ်သူ မာ့ခ်နဲ့ ရှင်းကျူမှာ တွေ့ပြီး ကျွန်မတို့ ချစ်နေတာ ခုဆိုရင် ၅နှစ်တောင် ရှိနေပြီ။ ဒါပေမယ့် ဒီ၅နှစ်အတွင်းမှာ အတွေ့နည်းပါတယ်။

ချစ်သူဖြစ်ပြီး သိပ်မကြာပါဘူး။ အလုပ်ကြောင့် ကျွန်မ ထိုင်ပေကို ပြောင်းရတယ်။ ဒီလိုမျိုးအခြေအနေမှာ အချစ်မပျယ်အောင် ထိန်းသိမ်းရတာ အတော်လေး ခက်ခဲပါတယ်။ ကျွန်မဟာ အမြဲတမ်း မာ့ခ်ကို ထိုင်ပေမှာ အလုပ်လုပ်တစ်ခုခုရှာပီး မပြောင်းရကောင်းလားဆိုပြီး အပြစ်တင်လေ့ရှိပါတယ်။ဒါပေမယ့် အမြဲတမ်းလည်း သူက မပြောင်းနိုင်ဘူးလို့ ငြင်းပါတယ်။ အခုတော့ ပုံစံကြည့်ရတာ သူ့မှာ အခြား မပြောင်းနိုင်တဲ့ အကြောင်းရင်း ရှိနေပြီနဲ့ တူပါတယ်။ ဒီအဖြစ်အပျက်တွေ ဖြစ်တာ ပြီးခဲ့တဲ့လ ကပေါ့

အဲဒီနေ့က ကျွန်မ ရှင်းကျူကို ပြန်ရောက်တော့ မာ့ခ်တို့ လမ်းထိပ်က စတိုးဆိုင်မှာ ကော်ဖီ တစ်ခွက်ဝင်ဝယ်တယ်။ အဲဒီ ဆိုင်မှာ အလုပ်လုပ်တဲ့ ကောင်လေး ကျွန်မကို ကြည့်တဲ့ မျက်လုံးတွေက တစ်မျိုးထူးခြားနေတယ်။

“ဟဲ့ ရော်ကီ၊ ငါ့ကို ဘာလို့ အဲလိုကြည့်နေတာလဲ? ဘာကိစ္စရှိလို့လဲ။” ကျွန်မ ကော်ဖီခွက် ကိုင်ရင်း၊ အမ်းငွေလှမ်းယူရင်း မေးလိုက်တယ်။”မဝင်ဒီက အရမ်းလှတာပဲနော်.၊ ဒါနဲ့များ။ ကျွန်တော်နားမလည်ဘူးဗျာ။” ရော်ကီက တက္ကသိုလ်ကျောင်းသား တစ်ယောက်ပါ။ ဒီနှစ်တွေအတွင်း ကျွန်မ မာ့ခ်အိမ်ကို ဝင်ထွက်နေတော့ ရင်းနှီးနေပြီဆိုပါတော့။”ဘာကို နားမလည်တာလဲ” ဗြုန်းကနဲဆို ရော်ကီ ကျွန်မကို ရည်းစားစကားပြောမယ် ထင်သွားတယ်။

“မဝင်ဒီရာ၊ ကျွန်တော် တဲ့ပဲ ပြောတော့မယ်ဗျာ၊ ပြီးခဲ့တဲ့အပတ်က ကျွန်တော် မာ့ခ် အိမ်ထဲကနေ ကောင်မလေး တစ်ယောက်ထွက်လာတာကို တွေ့လိုက်တယ်ဗျ။” ရော်ကီ့ပုံစံက ခိုးကြောင်ခိုးဝှက်နဲ့ ပြောလာတယ်။

“ဟုတ်လား” ကျွန်မ ရုတ်တရက်လန့်သွားတယ်။ အစောတည်းက ချစ်သူနှစ်ဦး ၁နေရာစီ နေတာ သိပ်စွန့်စားလွန်းတယ်ဆိုတာ သိနေပေမယ့် ဒီလိုပုံစံမျိုးနဲ့ သိရလိမ့်မယ်လို့ ထင်မထားဘူး။

“တကယ် အဲဒီနေက မနက်အစောကြီးပဲ။ ကြည့်ရတာ မာ့ခ်အိမ်မှာ ညအိပ်တာနဲ့တူတယ်။ ပြီးတော့ ကျွန်တော်တို့ ဆိုင်ရှေ့က ဖြတ်ပြန်သွားတာ” ရော်ကီက တိုးတိုးလေး ဆက်ပြောတယ်။

“သူ့ကို ထပ်တွေ့ရင် မှတ်မိဦးမလား” ကျွန်မမေးလိုက်တယ်။”မှတ်မိတယ်။ သူက အရမ်း ရုပ်ဆိုးပေမယ့် ကျွန်တော် မှတ်မိပါတယ်။” ရော်ကီက ပြောတယ်။ ကျွန်မ မျက်လုံးထဲမှာ မသင်္ကာတဲ့သူတွေရဲ့ မျက်နှာတွေ တန်းစီပြီး ပေါ်လာတယ်။

လီဆာ၊ မက်ဂီနဲ့ ဘဲလ် တို့ကလွဲရင် ကျန်တဲ့သူတွေ သိပ်မဖြစ်နိုင်။ အခြေခံအားဖြင့် မာ့ခ်ဟာ အပြင်ထွက်ရမှာ အရမ်းပျင်းသူတစ်ယောက်ဖြစ်ပါတယ်။ တစ်ကယ်ဖောက်ပြန်ရင်တောင်မှ အိမ်တိုင်ရာရောက် လာတဲ့သူ ဟုတ်ရင်ဟုတ်။ မဟုတ်ရင် ဖောက်ပြန်ဖို့ သိပ်မဖြစ်နိုင်ဘူး.။

ကျွန်မချက်ချင်း ရော်ကီကို ကျွန်မ ဖုန်းနံပတ်ပေးပြီး အစီအစဉ်ကို ရှင်းပြတယ်။အစီအစဉ်ကတော့ မသင်္ကာတဲ့ သုံးယောက်ကို အိမ်ကို ဖိတ်ပြီး ဖဲရိုက်ကြမယ်။ ပြီးရင် သူတို့သုံးယောက်ကို ခွဲခြားပြီးတော့ ဒီစတိုးဆိုင်မှာ ပစ္စည်းတစ်မျိုးစီ ဝယ်ခိုင်းမယ်။လီဆာ ဝယ်မှာက အံစာတုံး ၊ မက်ဂီ ဝယ်မှာက အအေး ဘဲလ် ၊ ဝယ်မှာက ဖဲထုပ်

ရော်ကီက တစ်ယောက်ချင်းစီကို ကြည့်ပြီးသွားတဲ့အခါမှာ ဟိုနေ့က လာသွားတာ ဘယ်သူလဲဆိုတာကို ကျွန်မကို ဖုန်းဆက်ပြီးပြောမယ်။ကျွန်မစိတ်ထဲမှာ အစောတည်း မက်ဂီပဲဆိုတာ သေချာပေမယ့်လည်း အဲလိုပဲ စီစဉ်ဖြစ်သွားတယ်။

ကျွန်မသေချာရတဲ့ ပထမအကြောင်းရင်းက မက်ဂီကို ကြည့်ရတာ မာ့ခ်ကို စိတ်ဝင်စားနေတဲ့ပုံပေါက်တယ်။ နောက်တစ်ချက်က မာ့ခ်ဟာ မက်ဂီနဲ့ ထိတွေ့ဆက်ဆံတာ အများဆုံးဖြစ်လို့ပဲ။အခြားသူတွေကတော့ လီဆာဆိုရင် အိမ်ထောင်ကျပြီ၊ ဘဲလ်ကတော့ သူ့မှာ ချစ်သူရှိနေပြီဆိုတော့ ဖြစ်နိုင်ချေက ပိုနည်းတာပေါ့။

“မာ့ခ် ငါ့ကို အအေးလေး တစ်ခွက်လောက် ယူပေးပါလား”ဒါပေမယ့် ကျွန်မအတွေးတောင် မဆုံးသေးဘူး ဘဲလ်က အလွန်ချိုသာတဲ့ လေသံနဲ့ မာ့ခ်ကို အကူအညီတောင်းနေပြီ။ တစ်ခဏအတွင်းမှာ ဘဲလ်ကို မသင်္ကာမှုဟာ တစ်ဟုန်ထိုး တက်သွားတယ်။

“မာ့ခ်၊ ကျွန်မ အိမ်သာ ခဏသွားလိုက်ဦးမယ်။ ရှင်ကျွန်မကို ဖဲမွှေထားပေးပါလား” ပြောရင်း လီဆာဟာ မာ့ခ် ပုခုံးကို ပုတ်လိုက်ရုံသာမက လက်ကိုတောင် ထိသွားသေးတယ်။သုံးယောက်လုံး မသင်္ကာစရာကောင်းတယ်.!!!!!

ကျွန်မကြည့်ရင်း မျက်လုံးတွေ မီးတောက်တော့မလား အောက်မေ့ရတယ်။ စိတ်ထဲမှာတော့ ဖဲမြန်မြန်ရိုက်ပြီး ရော်ကီ့ဆီက ဖုန်းမြန်မြန်လာဖို့ပဲ မျှော်လင့်နေမိတယ်။

နာရီအချို့ ကုန်လာတော့မှ နားဖို့ စပြောတဲ့သူ ပေါ်လာတယ်။ “ကဲတော်ပြီ၊ မရိုက်တော့ဘူး။ ကျွန်မယောက်ျား ကျွန်မကို စောင့်နေတော့မယ်။ ကျွန်မ ပြန်တော့မယ်”

လီဆာရဲ့ အဲဒီစကားက ကျွန်မကို စိတ်သက်သာရာရစေတယ်။ သုံးယောက်လုံးကို တံခါးနားထိ လိုက်ပို့ပြီးသွားတော့ ကျွန်မ ပေါ့ပေါ့ပါးပါးလေသံနဲ့ မာ့ခ်ကို မေးလိုက်တယ်။ မာ့ခ်ရေ အဲဒီ မိန်းမသုံးယောက်ထဲမှာ ဘယ်သူလှတယ်လို့ထင်လဲမာ့ခ် မျက်လုံးကို တီဗွီက မခွာပဲ လှမ်းဖြေတယ်။ “အဲလောက် မိတ်ကပ်တွေ ထူပျစ်နေအောင် လိမ်းထားတာ၊ ဘယ်သူလှလဲ၊ ဘယ်သူရုပ်ဆိုးလဲ ဘယ်လိုလုပ်ခွဲမလဲ။”မာ့ခ်ရဲ့အဖြေက ကျွန်မ လိုချင်တဲ့ အဖြေမဟုတ်ပေမယ့်လည်း မဆိုးလှပါဘူး။

နောက်ဆုံးတော့ ရော်ကီ ဖုန်းဆက်လာပြီပေါ့ “ရော်ကီ၊ မြန်မြန်ပြောစမ်း၊ အံစာတုံးလား၊ အအေးလား၊ ဖဲထုပ်လား” ကျွန်မ အလောတကြီး မေးလိုက်တယ်။

“မမဝင်ဒီ၊ တစ်ယောက်မှ မဟုတ်ဘူး” ရော်ကီရဲ့ အသံက ဒီ အစီအစဉ်မအောင်မြင်တဲ့အတွက် နည်းနည်း စနိုးစနောင့် ဖြစ်နေတဲ့ အသံနဲ့ ။

တစ်ယောက်မှ မဟုတ်ကြဘူး။ အဲဒါဆိုရင် ပြဿနာက တစ်ကယ်ကြီးပြီ၊ ကျွန်မသိတဲ့ သူမဟုတ်ဘူးဆိုတော့။ မာ့ခ်ကတော့ တစ်ကယ်ကို လျှောက်ကဲနေပြီထင်ပါရဲ့။ဒီကိစ္စက ဒီလိုနဲ့ပဲ ကျွန်မကို စိတ်အနှောက်အယှက်ပေးနေတာ သုံးလရှိသွားပါပြီ။ ဒီသုံးလအတွင်းမှ ကျွန်မ မာ့ခ် ကို ဘာမှ မပြောခဲ့ပါ။ ကျွန်မမှာ ဘာသက်သေ အထောက်အထားမှ မှမရှိဘဲလေ။

သုံးလကြာပြီးတဲ့နောက် ညတစ်ညမှာ ကျွန်မ အိပ်မလို့ ကုတင်ပေါ်အတက် ခြေချောင်းလေးက ကုတင်နဲ့ တိုက်မိသွားပြီး သွေးတွေ တရဟော ထွက်လာတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ မာ့ခ်ကို ကြည့်ပြီးမနှိုးရက်တာနဲ့ ကျွန်မဟာ ကျွန်မ လမ်းထိပ် စတိုးဆိုင် ကိုသွားပြီး ရော်ကီ့ဆီက ပလာစတာသွားဝယ်တယ်။ အိမ်ပေါက်ပဲ ရောက်သေးတယ်။ ကျွန်မဖုန်းမြည်နေသံကို ထူးထူးဆန်းဆန်းကြားလိုက်ရတယ်။

ကျွန်မ အမြန် အိမ်ထဲ ပြေးဝင်သွားပြီး ဖုန်းသွားကိုင်တော့ ရော်ကီ့ ဆီက ဖြစ်နေတာတွေ့ရတယ်။ “မဝင်ဒီ မဝင်ဒီ၊ ဟိုအရမ်းရုပ်ဆိုးတဲ့မိန်းမ ကျွန်တော့်ဆီက ပလာစတာဝယ်ပြီး မာ့ခ်အိမ်ထဲကို ဝင်သွားတာ ကျွန်တော် တွေ့လိုက်တယ်။”

သေတော့မှာပဲ။ ကျွန်မ မိတ်ကပ် မပါဘဲ အိမ်ပြင်ထွက်မိရုံလေးပါ။ အဲလောက်တောင်ဘဲ ကွာသလားရှင်

Credit: မူရင်းရေးသားသူ
Powered by Blogger.