ကြက်ဝင်စား မောင်ချစ်



မောင်ချစ်သည် အသက်၄၀ကျော်ပြီ ဖြစ်သော်လည်း ဆိုးနေတုန်းဖြစ်သည်။ သင်္ကြန်တွင် အရက်တွေ အလွန်အကျွံသောက်ပြီး နေ့လယ်ဘက်ကြီး ပြန်လာသည်။ သူ့ကိုစိတ်မချ၍ ဥပုသ်ကျောင်းမသွားဘဲ  အိမ်မှာပင် ဥပုသ်စောင့်နေရသော အမေကိုတောင် သူ့က ဂရုမစိုက်အား။ ရေစိုအဝတ်ကြီးဖြင့် အိမ်ရှေ့ခန်းတွင် ထိုးအိပ်လိုက်သည်။

ခဏအကြာတွင် အလင်းတန်းတစ်ခု ပေါ်လာသည်။ အခန်းထောင့်တွင် မျက်စိမှိတ်၍ ပုတီးစိပ်နေသော သူ့အမေ မမြင်။

“သူငယ် မင်း ဦးနှောက်သွေးကြောပြတ်ပြီး သေသွားပြီ။ လာလိုက်ခဲ့”

အလင်းတန်းက သူ့ကိုပြောပြီး ခေါ်သွားသည်။

ငရဲမင်းရှေ့ရောက်မှ အလင်းတန်းသည် သိကြားမင်းမဟုတ်ဘဲ ငရဲသားများ ဖြစ်နေသည်ကို သူသိသည်။

“ကျွန်တော် မသေချင်ပါဘူး ခင်ဗျ။ ကျွန်တော် မသေပါရစေနဲ့။ ကျွန်တော် အသက်ရှင်ချင်သေးတယ်”

သူက အကြောက်အကန်ပြောသည်။ သိကြားမင်းက စာအုပ်လှန်ကြည့်သည်။

“မင်းအသက်ရှင်လို့ရသေးတယ်”

ငရဲမင်းက ပြောပြီး စာအုပ်ကို သေချာ စေ့စေ့စပ်စပ် ကြည့်ပြန်သည်။

“ကြွက်ဖြစ်ဖြစ် ကြက်ဖြစ်ဖြစ် တစ်ကောင်ကောင်အဖြစ်နဲ့ မင်းက သက်ရှိအဖြစ် နေလို့ရဦးမယ်။ အားတော့နာပါတယ် မင်းမှာ ဒီ့ပြင် ရွေးစရာမရှိဘူး”

ကိုယ့်အကြောင်းကိုယ်သိသော မောင်ချစ်က အချိန်ဆွဲ မနေတော့ဘဲ အိမ်ဘေးနားက ကြက်ခြံကိုမြင်ယောင်ကာ ကြက် ကိုရွေးလိုက်သည်။

ဒိန်းကနဲ့ မောင်ချစ် ကြက်ဖြစ်သွားသည်။ ကြက်ခြံထဲမှ ကြက်တစ်ကောင်က သူ့ဆီ ပြေးလာသည်။

“ဟေ့ မင်းက အသစ်နဲ့တူတယ်။ ဘယ်လိုလဲ နေရ ထိုင်ရတာအဆင်ပြေရဲ့လား”

“ပြေပါတယ်။ ဒါပေမဲ့ ဗိုက်ထဲက တစ်မျိုးကြီးပဲ”

“မင်း ဥ ဥချင်တာနဲ့ တူတယ်။ ညစ်ထုတ် ကြည့်လေကွာ။ ကြိုးစားကြည့် ကြိုစားကြည့် လှုပ်ပြီးညစ်ထုတ်ကြည့်လိုက်”

အားပေးသံများကြား၌ မောင်ချစ် ညစ်ထုတ်ကြည့်နေတုန်း ဥတစ်လုံး ထွက်သွားသည်။

“ဘယ်လိုလဲကွ”
အားပေးတဲ့ကြက်က မေးသည်။

“ပေါ့သွားတယ်ကွ”

မောင်ချစ်က ဖြေသည်။

“ငါ ဥချင်လာပြန်ပြီ”

ပြောပြီး မောင်ချစ်က ညှစ်ပြန်သည်။ တစ်လုံး ထွက်သွားပြန်သည်။ ပေါ့သွားပြန်သည်။ နောက်တစ်လုံး ညှစ်ထုတ်ပြန်သည်။ ပေါ့သွားပြန်သည်။ နောက်တစ်လုံးညှစ်ထုတ်ပြန်သည်။
နောက်တစ်လုံး နောက်တစ်လုံး……

သူ့ဇက်ပိုးကို အုပ်ကာ သူ့အမေက ဒေါသဖြင့်အော်သည်။

“မောင်ချစ် အရက်သမား! နင်အိပ်ရင်းနဲ့ ချီးပါချပြန်ပြီလား။သေချင်းဆိုး…”

မောင်ချစ်အမေဖြစ်သူမှာလည်း စိပ်ပုတီးကြီးကိုင်လျှက် ဥပုသ်ကြိုးသွားခဲ့သည်။။။။
Powered by Blogger.