ပေါက်စီမရဲ့ ပြန်စာ
မျိုးကြီးရေ မင်းရေးပေးတဲ့စာ ငါ့ချစ်သူကို ပေးလိုက်တာ အခု ပြန်စာ ရပြီကွ
” ဟေ ဟုတ်လား ပြစမ်းပါအုံး ။ ”
” အေး ရော့ ဖတ်ကြည့်ကွာ ”
ဒါနဲ့ ဖွင့်ဖတ် လိုက်တယ် ။
သို့ /
အစ်ကို
ညီမ စာပြန်လိုက် ပါတယ်။
အဖေ့ကိုလည်း စိတ်မဆိုး ပါနဲ့ နော် ။
နောက်မှ ဆင်ဖြူ့ မျက်နှာ ဆင်မည်း မကြည့်ဝံ့ ဆိုသလို ဖြစ်မှာ စိုးလို့ပါ။
ဟောင်လွန်းတဲ့ခွေး လူမလေး ဆိုသလို စကားနောက် တရားပါ ဖြစ်မှာ စိုးလို့ပါ အစ်ကို ။
အစ်ကိုက ငါ့စကား နွားရ မပြောတတ်ဘူး ဆိုတာ ညီမ သိပါတယ် ။
နွားသိုး ကြိုးပြတ် ရမ်းရင် အစ်ကို မှားလိမ့်မယ် ။
ညီမက နွားရှေ့ ထွန်ကျူး ပြောနေတာ မဟုတ်ဘူးနော် ။
အဖေကလည်း တစ်မျိုးပါ ။ မြွေပွေး ခါးပိုက် ပိုက်မိနေတာ မသိဘူးလေ ။
ညီမကတော့ ကျားချင်း ကိုက်ရာ သမင်ကူ မမှားဖို့ အရေး ကိုသာ ကြည့်နေ ရတယ် ။
အခုအချိန်မှာတော့ ရှဥ့်လည်း လျှောက်သာ ပျားလည်း စွဲသာမှ ဖြစ်မယ့် အခြေအနေလေ ။
အစ်ကို့ဘက် ကလည်း မြွေမသေ တုတ်မကျိုး အနေနဲ့ နေပေးစေ ချင်တယ် ။
ညီမနဲ့ သဘောတူနေတဲ့ ကောင် ကလည်း ငါးမရ ရေချိုး ပြန်ချင်နေတဲ့ ပုံစံနဲ့ ။
ဒါပေမယ့် ညီမကို အစ်ကို စိတ်ချပါ ။
ဒီလူ့က ဖွတ်မရ ဓားမဆုံး အနေအထား ဖြစ်မှာပါ။
ညီမက မြင်းကောင်း ခွါလိပ် ကလေးပါ အစ်ကိုရယ် ။
ဆင်ကောင်ကြီး တွေ့နေမှ ဆင်ခြေရာ ရှာမနေပါ နဲ့တော့ ။
ပတ်ဝန်းကျင်က စကားတွေ ကိုလည်း နားမယောင်ပါနဲ့ ။
ပတ်ဝန်းကျင်ဆိုတာ သိကြားမင်း ကျွဲယောင်ဆောင် တာ ဂျိုကားတယ် လို့ ပြောချင်ကြတာမျိုး မဟုတ်လား။
သူတို့ ကတော့ ပြောမှပေါ့ ။
ကျားကိုက် ပါတယ် ဆိုမှ အပေါက် ကလေးနဲ့လား လို့ ။
ဂရု မစိုက်ပါနဲ့ အစ်ကိုရယ် ။ ချီးမွမ်း ၇ ရက် ကဲ့ရဲ့ ၇ ရက်ပါ။
ဗုံလုံ တစ်လှည့် ငါးပျံ တစ်လှည့်ပါ ။
တစ်နေ့ သူတို့ ပြောတာတွေ သူတို့ မှားတာ သိစေ ရမယ် ။
ယာလည်း ညက်စေ ကြက်လည်း ပမ်းစေ ဖြစ်နေရင် ညီမတို့ ချစ်သူ နှစ်ဦးပဲနစ်နာ မပေါ့ ။
နွားကျော့ ဆိုလေ ခြုံတိုးလေ မျိုး မလုပ်ပါနဲ့ နော် ။
အလကား ရတဲ့နွား သွားဖြဲ ကြည့်နေတဲ့ အဖေ့ကို လည်း နားလည်ပေးပါ။
အကြံကုန် ဂဋ္ဌုန် ဆားချက်ရတဲ့ အခြေအနေမျိုးကို သူလည်း ဖြစ်နေရတာပါ။
ကြွက်မနိုင် ကျီ မီးနဲ့ရှို့တတ်တဲ့ အစ်ကို့ စရိုက် ကိုလည်း ဖျောက်ပေးပါ။
အဖေ့ အခြေအနေက ရော့ ပတ္တမြား ရော့နဂါး လုပ်မယ့် အခြေအနေတော့ မဟုတ်ပါဘူး။
ဆင်းစီးပြီး မြင်းရံ စေချင်တဲ့ မိဘ မေတ္တာ ကို အစ်ကို သိမှာပါလေ ။
ဆင်လည်း ဆင့်အထွာ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အ ထွာ ရှိသေးတယ် မဟုတ်လား ။
ပေါ့စေလို လို့ ကြောင်ရုပ် ထိုး ဆေးကြောင့်လေး ဆိုသလို ပြေလည်မလား လုပ်ခါမှ ပြဿနာတွေ ကြီးသွားမှာ စိုးမိတယ် အစ်ကို ။
ညီမမှာလည်း ကျီးကန်းတောင်းမှောက် ငါးရံ့ပြာလူး အဖြစ်နဲ့ နေနေရတာပါ။
ဟိုလူကလည်း အိုင်တွေ့လို့မှ မလူး ကျွဲရူး ဖြစ်နေတာလေ။
ငါးကြော် မကြိုက်တဲ့ ကြောင်မိုက် မဟုတ်ဘူး ဆိုတာ အနေအထား ကြည့်တာ နဲ့ သိနိုင်တယ်လေ ။
အစ်ကို မရှိရင် ညီမဘဝက နွားကွဲ ကျားကိုက် ဖြစ်တော့ မှာလေ ။
အစ်ကို့ဘက် ကလည်း ကျား သနားမှ နွားချမ်းသာ ဆိုတဲ့ အဖြစ်မျိုးပဲ မဟုတ်လား ။
အစ်ကိုဟာ လယ်ထွန် သွား နွားမေ့ တတ်တဲ့ လူမျိုး မဟုတ်ဘူး ဆိုတာ ညီမ ယုံ ပါတယ်။
ဒီကောင်ကိုလည်း ညီမ လုံးဝ စိတ်မဝင်စားပါဘူး အစ်ကို ။
စိတ်ချပါနော် ။ ဋ္ဌင်းတ လောက်တော့ ငှက်တိုင်း လှပါတယ် ။
( သမ္မတကြီး စကားမို့ အလေးအနက် ထားပေးပါ အစ်ကို )
အချိန်တန် နွားပိန်ကန် မှာပါ ။
အစ်ကို့ရဲ့ အချစ်လေး
ပေါက်စီမ
တဲ့။
တိန်
Credit: Ko Gyi Kyaw
